Empower, Engage and Inspire

Tuesday, July 13, 2021

Federalism အကြောင်း လေ့လာခြင်း (Reading Note)

ဖယ်ဒရယ်စနစ်ဆိုသည်မှာ အဘယ်နည်း ?
-
ဖယ်ဒရယ်စနစ်ဆိုသည်မှာ အဓိက ကွဲပြားပေါ်လွင်သော ဝိသေသလကခဏာများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံထားသည့် လုပ်ပိုင်ခွင့်အာဏာများ ကိုယ်စီရှိကြသည့် အစိုးရအဆင့် ၂ဆင့် သိုမဟုတ် ထို့ထက်ပိုသော အဆင့်များရှိသော စနစ်ဖြစ်ပါသည်၊  ပေါင်းစည်းမျှဝေ အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်အာချုပ်မူတို့ကို ပါဝင်သည့် အစိုးရဖွဲ့စည်းပုံ တစ်ရပ်ဖြစ်ပါသည်။ ပေါင်းစည်းမျှဝေအုပ်ချုပ်ရေးမှာ ဗဟိုအဆင့် များကို ဆိုလိုတာ ဖြစ်ပြီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည်မှာမူ ခရိုင်များ၊မြိုများ၊ ပြည်နယ်များက နိုင်ငံ‌ရေးအရ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ဆိုလိုတာ ဖြစ်ပါသည်။ (Ronald Watts)

ဖယ်ဒရယ်စနစ်သည် တစ်သားတည်ဖြစ်ရေးနှင့် မည်သူမျှဆက်စပ်၍ မရဘူး။ ဖယ်ဒရယ်စနစ်သည် အတူယှဥ်တွဲနေထိုင်ရေးအတွက် အဓိက စနစ်တစ်ခုဖြစ်သည် (Sujit Choudry) Alfred Stephen ကလည်း ဖယ်ဒရယ်နှင့် ပက်သက်ပြီးလူမျိုးများစွာပါဝင်သည့် နိုင်ငံများ၏ နယ်နိမိတ်ဒေသအရ ပေါင်းစည်းမူကို ထိန်းသိမ်းထားနိုင်သည့် အကောင်းဆုံးနည်းလမ်းတစ်ရပ်မှာ အတူစုစည်း ထိန်းသိမ်းထားသည့် ဖယ်ဒရယ်ပုံစံဖြစ်သည်ဟုဆိုထားပါသည်။ဖယ်ဒရေးရှင်းများ ပေါ်ပေါက်လာရသည့် အကြောင်းရင်းမှာ လူမျိုးစုများစွာ ပါဝင်သောနိုင်ငံသည် နိုင်ငံတွင် ဗဟိုအုပ်ချုပ်မူကြောင့် လူနေစုများသည် သူတို့လူမျိုး၏ အခွင့်အ‌ရေးများကို ဆုံးရှုံးလာတာကို မျက်မြင်လက်တွေ သိရှိနားလည်းလာတယ်တဲ့အခါ ဗဟိုအုပ်ချုပ်စနစ်ကို လျှော့ချကာ ကိုယ်ပိုင်အုပ်ချုပ်ရေးဖြင့် လူနေစုများ၏ အခွင့်အရေးများကို ကာကွယ်ခွင့်ကို ဖွဲ့စည်းပုံမှာပြဌာန်းတဲ့ အချိန်မျိုးမှာ ပေါ်ထွန်းလာပါသည်။ ဥပမာအားဖြင်, Belgium and India.


-
ဖက်ဒရယ်စနစ်မှာ အစိုးရအဆင့်အသီးသီးအကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အစီအမံတစ်ရပ် ဖြစ်ပါသည်။ ယင်းသို့ခွဲဝေရာတွင် ဖက်ဒရယ်နိုင်ငံတွင် ပါဝင်သည့် နယ်မြေဒေသများ (တိုင်းဒေသကြီး/ ပြည်နယ်များ) အနေဖြင့် အချို့သော မူဝါဒနယ်ပယ်များတွင် ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်ခွင့် အများအပြားရရှိရေး ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အာမခံချက်ပေးထားပြီး အခြားမူဝါဒနယ်ပယ်များတွင်မူ သဘောတူညီထား သောမူများနှင့်အညီ လုပ်ပိုင်ခွင့်အာဏာကို အတူတကွကျင့်သုံးရန် စီမံထားပါသည်။    သို့ဖြစ်၍ ဖက်ဒရယ်စနစ်သည် တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ် ခြင်းနှင့် တစ်စိတ်တစ်ဒေသ အတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ (Elazar 1987).

 ____

ဖက်ဒရယ်စနစ်ကို အဘယ်ကြောင့် ကျင့်သုံးသင့်သနည်း?

ကိုယ်ပိုင်စရိုက်လက္ခဏာများ Identity ကို ထိန်းသိမ်းနိုင်ခြင်း - နယ်မြေ  ဒေသအသီးသီးတွင် ကိုယ်ပိုင်စရိုက်လက္ခဏာ၊ တိုင်းရင်းသားလူမျိုး၊ ယုံကြည်ကိုးကွယ်မှု သို့မဟုတ် ဘာသာစကားအလိုက် စုဝေးနေထိုင်ကြသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ အပြန်အလှန် ညှိနှိုင်းလျက် ပြေလည်မှု ရရှိရေးအတွက် နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။

စွမ်းဆောင်ရည်ပြည့်မှု (Efficiency) - ဖက်ဒရယ်စနစ်သည် ဆုံးဖြတ်ချက်များကို အသင့်တော်ဆုံး အဆင့်တွင် ချမှတ်နိုင်စေခြင်း၊ လုပ်ပိုင်ခွင့်အာဏာများ အလွန်အမင်း စုစည်းနေခြင်းမဖြစ်စေရန် အကာအကွယ်ပေးခြင်း၊ ဒီမိုကရေစီ ပါဝင်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ တိုးတက်ရရှိစေရန် ဖန်တီးပေးခြင်းတို့ကြောင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာပေးနိုင်ရေး နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။

ဖက်ဒရယ်စနစ်ကို အဘယ်ကြောင့် မကျင့်သုံးသင့်သနည်း။

အချို့နိုင်ငံများတွင် ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းကြောင့် ပဋိပက္ခများကို ဖြေရှင်းရန်နှင့် အုပ်ချုပ်မှု တိုးတက်ကောင်းမွန်စေရန် အထောက်အကူ ဖြစ်ခဲ့သော်လည်း ဖက်ဒရယ်စနစ် သည် ရှိရင်းကွဲပြားခြားနားမှုများကို ပိုမိုဆိုးဝါးလာစေပြီး တစ်ခါတစ်ရံ ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေခြင်း သို့မဟုတ် နိုင်ငံတော်ယန္တရားပျက်ပြားခြင်းများကိုလည်း ဖြစ်စေနိုင်ပါသည်။ ဖက်ဒရယ်စနစ်သည် ရှုပ်ထွေးပြီး မကြာခဏ ဥပဒေထုံးတမ်းအခြေပြု အစိုးရပုံသဏ္ဌာန် တစ်ရပ် ဖြစ်ပါသည်။ သို့ဖြစ်၍ ကုန်ကျစရိတ် မြင့်မားနိုင်ပြီး ဖွံ့ဖြိုးရေးဆောင်ရွက်ခြင်း မူဝါဒများ ကျင့်သုံးခြင်းတို့တွင် တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်ရန် အဟန့်အတား ဖြစ်နိုင်ပါသည်။

ဖက်ဒရယ်စနစ်ကို မည်သည့်နိုင်ငံများတွင် ကျင့်သုံးသနည်း။

ဖက်ဒရယ်စနစ်ကို သာမန်အားဖြင့် ယဉ်ကျေးမှု မတူကွဲပြားမှု များပြားသော သို့မဟုတ် နိုင်ငံနယ်နိမိတ် ကျယ်ပြောသောနိုင်ငံများတွင် ကျင့်သုံးလေ့ရှိပါသည်။ ထင်ရှားသော ဖက်ဒရယ် သို့မဟုတ် ဖက်ဒရယ်တစ်ပိုင်း နိုင်ငံများမှာ အာဂျင်တီးနား၊ ဘယ်လ်ဂျီယမ်၊ ဘရာဇီး၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊ မလေးရှား၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ စပိန်၊ တောင် အာဖရိကနှင့် အမေရိကန်ပြည်ထောင်စု စသည်တို့ ဖြစ်ပါသည်။

ဖက်ဒရယ်စနစ်သည် မည်ညည့်ကိစရပ်များကို အဓိကကိုင်တွယ်ပါသနည်း။

ဖက်ဒရယ်စနစ်သည် ဖွဲ ့စည်းပုံအခြေခံဥပဒေတွင် အစိုးရအဆင့်အသီးသီးအကြား လုပ်ပိုင်ခွင့်အာဏာ ခွဲဝေပေးခြင်းကို ထည့်သွင်းပြဌာန်းထားရှိသည့်  နိူင်ငံတော်အစိုးရ စနစ်တစ်ရပ်ဖြစ်ပါသည်။ သာမန်အားဖြင့် အဓိကအဆင့်နှစ်ဆင့် ရှိပါသည်။ (၁)အမျိုးသားအဆင့် သို့မဟုတ် ဗဟိုအဆင့် သို့မဟုတ် ဖက်ဒရယ်အဆင့်နှင့် (၂) ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးအဆင့်တို့ ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်အာဏာကို သုံးဆင့်ခွဲခြားသည့် ဖက်ဒရယ်စနစ်များလည်း ရှိပါသည်။


__

အကြောင်းရင်း နှစ်ရပ်ကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန် စဉ်းစားလေ့ ရှိပါသည်။

ကိုယ်ပိုင်စရိုက်လက္ခဏာကို ဖော်ဆောင်သော ဖက်ဒရယ်စနစ် - နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသောယဉ်ကျေးမှု၊ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု သို့မဟုတ် အခြားနည်းလမ်းဖြင့် သီးခြားစီရှိနေသော အမျိုးသား/လူမျိုး ရပ်ရွာအသိုက်အဝန်းများသည် အကျိုးစီးပွားတူညီခြင်း သို့မဟုတ် ကိုယ်ပိုင်စရိုက်လက္ခဏာ တူညီခြင်းကြောင့် နိုင်ငံအတွင်း တစ်စုတစ်စည်းတည်း နေထိုင်လိုသော်လည်း အကျိုးစီးပွား ကွာခြားမှုလည်း ရှိခြင်း သို့မဟုတ် ကိုယ်ပိုင်စရိုက်လက္ခဏာလည်း ကွာခြားခြင်းကြောင့် နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် အများအပြားရယူလိုခြင်း ဖြစ်နိုင်ပါသည်။ (ဥပမာ ကနေဒါ၊ ဆွစ်ဇာလန်)

စွမ်းဆောင်ရည်ပြည့်ဝသော ဖက်ဒရယ်စနစ် - ယဉ်ကျေးမှုတစ်မျိုးတည်း ဖြစ်သော်လည်း ပထဝီနယ်မြေကြီးမားကျယ်ပြန့်သောနိုင်ငံသည် ဒီမိုကရေစီကိုယ်စားပြုမှုနှင့် တာဝန်ခံမှုတိုးတက် ကောင်းမွန်စေရန် လုပ်ပိုင်ခွင့်အာဏာကို ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး နယ်မြေခံများအား အရင်းအမြစ်များနှင့် မူဝါဒများကို ထိန်းချုပ်ခွင ပိုမို၍ ပေးအပ်ခြင်းဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် အမျိုးသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသား မူဝါဒရေးရာများတွင် တစ်စုတစ်စည်းတည်း လုပ်ဆောင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားရှိပါသည် (ဥပမာ ဂျာမနီနှင့် အာဂျင်တီးနားတို့ ဖြစ်ပါသည်)။ ဖက်ဒရယ်စနစ်သည် ကိစ္စရပ်အချို့တွင် စည်းလုံးညီညွတ်စွာ အတူတကွလုပ်ဆောင်လိုပြီး အခြားသောကိစ္စရပ်များ တွင် မတူကွဲပြားမှုနှင့် ကိုယ်တိုင်ဆုံးဖြတ်ဆောင်ရွက်ခွင့် ရှိလိုခြင်းကို ညှိနှိုင်းရန်ကြိုးပမ်းခြင်း ဖြစ်ပါသည်။

________

ဖက်ဒရယ်စနစ်ကို အဘယ်ကြောင့် ကျင့်သုံးပါသနည်း။

(က) ဖက်ဒရယ်စနစ် ကျင့်သုံးရခြင်း ကြောင်းကျိုးဖော်ပြချက်

အတိုင်းအတာ (Scale) - ဒီမိုကရေစီ၏ဇစ်မြစ်မှာ နိုင်ငံသားများ နိုင်ငံရေးတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်

နိုင်သည့် ရှေးဟောင်းမြို့ပြနိုင်ငံနှင့် အလယ်ခေတ် မြို့ပြနိုင်ငံများတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ မြို့လယ် စုရပ်တွင်စုဝေးလျက် မျက်နှာချင်းဆိုင်ဆွေးနွေးကာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်လောက်သော  နိုင်ငံငယ်များတွင်သာ ဒီမိုကရေစီကို ကျင့်သုံးနိုင်သည်ဟု သမိုင်းတစ်လျှောက်တွင်ယူဆခဲ့ကြပါသည်။  ပြည်သူ့ကိုယ်စား လှယ် အဖွဲ့အစည်းစနစ်များ ပေါ်ပေါက်လာပြီးနောက် ဒီမိုကရေစီကို နိုင်ငံအဆင့်တွင် ကျင့်သုံးလာနိုင်သော်လည်း အတိုင်းအတာ ပြဿနာရှိနေဆဲဖြစ်ပါသည်။ နိုင်ငံအရွယ်အစား ကြီးမားလာခြင်းမှာ အကျိုးဆက်များ ရှိပါသည်။ အစိုးရနှင့် ပြည်သူလူထုအကြား အကွာအဝေး ပိုမိုများပြားလာသည်နှင့်အမျှ ပြည်သူလူထု ၏အသံကို ကြားသိရန် ပိုမိုခက်ခဲလာပါသည်။ နိုင်ငံရေးလုပ်ငန်းစဉ်တွင် အုပ်ချုပ်သည့်အလွှာများက ကြီးစိုးမှုပိုမိုများပြားလာပါသည်။ ပြည်သူလူထု၏ လိုအပ်ချက်များ၊ ဆန္ဒများနှင့် ဦးစားပေးအချက်များကို အုပ်ချုပ်သူများသိရှိနားလည်မှု ပိုမိုနည်းပါးလာပါသည်။ သို့ဖြစ်၍ လူထုမနှစ်သက်သော၊ မသင့်တင့်မလျောက်ပတ်သော၊ ဖော်ဆောင်ရန် မဖြစ်နိုင်သော မူဝါဒများချမှတ်ကျင့်သုံး လာတတ်ပါသည်။ ဆန့်ကျင်မှုများနှင့် မကျေနပ်မှုများဖြစ်ပေါ်လာပြီး နိုင်ငံရေးစနစ်တစ်ခုလုံး ဂုဏ်သတင်းကျဆင်း လာတတ်ပါသည်။ ဖက်ဒရယ်စနစ်တွင် ဗဟိုမှကျင့်သုံးရန် လိုအပ်သောလုပ်ပိုင်ခွင့်အာဏာများကိုသာ ဗဟိုအဆင့်သို့ အပ်နှင်းထားပြီး ပြည်သူလူထုသည် ဒီမိုကရေစီ ထိန်းချုပ်မှုကျင့်သုံးရန်နှင့် မိမိတို့လိုအပ်ချက်နှင့်အညီ မူဝါဒများကျင့်သုံးနိုင်ရန် အခွင့်အလမ်းများ ပိုမိုရှိစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် လုပ်ပိုင်ခွင့်အာဏာ အများအပြား ကျင့်သုံးခွင့်ပြုထားသဖြင့် ဤပြဿနာပြေလည်ရေး ဖြေရှင်းဆောင်ရွက်ရန် အထောက်အကူ ဖြစ်နိုင်ပါသည်။

 

မတူကွဲပြားမှု (Diversity) - ဖက်ဒရယ်စနစ်မှ ရရှိနိုင်သည့် အဓိက အကျိုးကျေးဇူးတစ်ရပ်မှာ တိုင်းရင်းသား၊ဘာသာရေး၊ ဘာသာစကား သို့မဟုတ် အခြား ယဉ်ကျေးမှုအသိုက်အဝန်းများက လိုလားဆန္ဒရှိသည့် အတိုင်း ကိုယ်ပိုင်စရိုက်လက္ခဏာနှင့် အကျိုးစီးပွားများ သီးခြားစီရှိသည့် လူမျိုးအဖြစ် အသိအမှတ်ပြုရန် မူဘောင်တစ်ရပ် ရရှိခြင်း ဖြစ်ပါသည်။ ဖက်ဒရယ်စနစ်သည် ယင်းအုပ်စုများအား ကိုယ်ပိုင်အတွင်းရေး စီမံခန့်ခွဲပိုင်ခွင့် အာမခံချက်ပေးပြီး တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်မှုအဖွဲ့အစည်းစနစ်များထားရှိလျက် ကိုယ်တိုင်အုပ်ချုပ်မှု အများအပြား ကျင့်သုံးခွင့် ပြုပြီး တစ်ချိန်တည်းမှာပင် ဖက်ဒရယ် သို့မဟုတ် အမျိုးသားအဆင့် အဖွဲ့အစည်းစနစ်များလည်း ထားရှိပြီး လုပ်ငန်း အချို့ကို အခြားသော ရပ်ရွာအသိုက်အဝန်းများနှင့် အတူတကွလုပ်ဆောင်ပါသည်။ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကိုယ်ပိုင်အတွင်းရေးစီမံခန့်ခွဲပိုင်ခွင့်နှင့် အသိအမှတ်ပြုမှု ခံယူခွင့်တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခြင်းအားဖြင့် လူနည်းစုများကို အကာအကွယ်ပေးပြီး ပဋိပက္ခမဖြစ်စေရန်တားဆီးနိုင်ပါသည်။ ဒီမိုကရေစီအင်စတီကျူးရှင်း စနစ်များ၏ တရားဝင်ဖြစ်မှုကိုတိုးတက်မြင့်မားစေပြီး ခွဲထွက်ရန်အားပေးမှုများကို လျော့နည်းကျဆင်းစေပါသည်။

 

(ခ) အတူယှဉ််တွဲရေး ဖက်ဒရယ်စနစ် (Coming Together) And အတူပေါင်းစည်းရေး ဖက်ဒရယ် (Holding Together)

သမိုင်းတစ်လျှောက်တွင် နိုင်ငံငယ်များသည် ဘုံရန်သူများနှင့် ရင်ဆိုင်ရသောအခါ သို့မဟုတ် နိုင်ငံဆက်လက်တည်တံ့ရန် စိန်ခေါ်မှုအခက်အခဲများနှင့် ရင်ဆိုင်ရသောအခါ နိုင်ငံပေါင်းချုပ်အဖွဲ့များ သို့မဟုတ် ကွန်ဖက်ဒရေးရှင်းနိုင်ငံများအဖြစ် စာချုပ်ချုပ်ဆိုလျက် သို့မဟုတ် နိုင်ငံတည်ထောင်ရေးသဘောတူညီချက် ချုပ်ဆိုလျက် တည်ထောင်ကြပါသည်။ သို့ဖြင့် ယင်းနိုင်ငံငယ်များသည် ပြည်တွင်းမူဝါဒ အပိုင်းကဏ္ဍအများစုတွင် ကိုယ်တိုင်ဆုံးဖြတ် ဆောင်ရွက်ခွင့်မဆုံးရှုံးဘဲ အချို့သောလုပ်ပိုင်ခွင့်အာဏာများ၊ လုပ်ငန်းများကို အတူတကွလုပ်ဆောင်နိုင်ပါသည်။ အထူးသဖြင့် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးတို့ ဖြစ်ပါသည်။ သို့ရာတွင် အချို့သော အပိုင်းကဏ္ဍများ၌ ယင်းကဲ့သို့ အစောပိုင်း နိုင်ငံပေါင်းချုပ်အဖွဲ့များ သို့မဟုတ် ကွန်ဖက်ဒရေးရှင်းများမှာ ယနေ့ခေတ် ဖက်ဒရယ်နိုင်ငံများထက် အစိုးရချင်း ဆက်စပ်ဆောင်ရွက်သော အဖွဲ့အစည်းများနှင့် ပိုမို၍ အလားသဏ္ဌာန်တူပါသည်။

၎င်းတို့၏ ကွန်ဖက်ဒရေးရှင်း လွှတ်တော်ညီလာခံများမှာ စစ်မှန်သော လွှတ်တော်များမဟုတ်ဘဲ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များစုစည်းလျက် ညီလာခံကျင်းပခြင်း ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုသည် ကွန်ဖက်ဒရေးရှင်း ပြဋ္ဌာန်းချက်များ (၁၇၈၁-၉) အရ ကနဦးတွင် ယင်းသို့သော စည်းနှောင်မှုမတင်းကြပ်သည့် ပြည်ထောင်စုဖြစ်ပါသည်။ လွှတ်တော်သည် တိုက်ရိုက်အခွန်စည်းကြပ်နိုင်စွမ်းမရှိဘဲ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရန် ပြည်နယ် အစိုးရများအပေါ် မှီခိုအားထားရပါသည်။ ယင်းအားနည်းချက်များကို ဖြည့်ဆည်းရန်အတွက် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်တွင်းရေးကိစ္စရပ် အများအပြားတွင် ပြည်နယ်များအား အပ်နှင်းထားသော အခွင့် အရေးများကို အလေးဂရုပြုပြီး ပိုမိုစုစည်းညီညွတ်သော ပြည်ထောင်စုကို တည်ထောင်နိုင်မည့် ဖက်ဒရယ်နိုင်ငံ အမျိုး အစားသစ်တစ်မျိုးကို ဖွဲ့စည် းတည်ထောင်ပါသည်။ ‘ကျွနု်ပ်တို့ ပြည်သူလူထု’ အတွက် ပြဋ္ဌာန်းပြီး (‘ကျွန်ုပ်တို့ လူမျိုးအသီးသီး’ ဟု ရည်ညွှန်းမထားပါ) ဖွဲ့စည်းပုံအခြေခံဥပဒေသစ်သည် အချုပ်အခြာအာဏာပိုင် နိုင်ငံများအကြား စာချုပ် မဟုတ်ဘဲ နိုင်ငံတည်ထောင်သည့် ဥပဒေဖြစ်ပါသည်၊ စုစည်းတည်ထောင်သော ဖက်ဒရယ်နိုင်ငံသစ်၏ အခြေခံအုတ်မြစ်ဥပဒေ ဖြစ်ပါသည်။ ဖက်ဒရယ်အစိုးရသည် လုပ်ပိုင်ခွင့်အာဏာများကို ပြည်နယ်များထံမှ ရရှိခြင်းမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရှိ ပြည်သူလူထုထံမှ တိုက်ရိုက်အပ်နှင်းခြင်း ဖြစ်ပါသည်။ ယင်းအခြေခံဥပဒေအရ အမေရိကန်ပြည်ထောင်စု နိုင်ငံသားများကို ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရဟူသော အာဏာပိုင်အဖွဲ့အစည်းနှစ်ရပ်က အုပ်ချုပ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းပေးထားသော လုပ်ပိုင်ခွင့်နယ်ပယ် အသီးသီးတွင် တိုက်ရိုက်ဥပဒေပြုခွင့်အာဏာ ရှိပါသည်။ ယင်းစနစ်မှာ နောက်ပိုင်းဖက်ဒရယ်စနစ်များအတွက် (တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍) နမူနာပုံစံအဖြစ် အသုံးပြုကြခြင်း ဖြစ်ပါသည်။ တစ်ကျော့ပြီးတစ်ကျော့ ဒီမိုကရေစီနိုင်ငံများ တိုးတက်များပြားလာခြင်းနှင့်အတူ ကမ္ဘာတစ်ဝန်း ဖက်ဒရယ် စနစ်သည်လည်း ပြန့်ပွားခဲ့ပါသည်။ 

ယခုအခါ ဖက်ဒရယ်နိုင်ငံများအနက် ဒီမိုကရေစီနိုင်ငံသစ်များနှင့် ဒီမိုကရေစီ အခြေခိုင်ပြီး နိုင်ငံများ၊ ဓလေ့ထုံးတမ်းဥပဒေကျင့်သုံးသည့်  နိုင်ငံများနှင့် တရားမမှု ဥပဒေကျင့်သုံးသော နိုင်ငံများ၊သမ္မတစနစ်ကျင့်သုံးသောနိုင်ငံများ၊ တစ်စိတ်တစ်ပိုင်း သမ္မတစနစ်ကျင့်သုံးသော နိုင်ငံများ၊ လွှတ်တော်က အစိုးရ အကြီးအကဲ ရွေးကောက်တင်မြှောက်သောနိုင်ငံများ ပါဝင်ပါသည်။ လူနေသောကုန်းမြေတိုက်ကြီးအားလုံးတွင်လည်း ဖက်ဒရယ်နိုင်ငံများရှိပါသည်။ ဖက်ဒရယ်စနစ် ပြန့်ပွားလာသည်နှင့်အမျှ ရှိရင်းနိုင်ငံတော်အနေဖြင့် လုပ်ပိုင်ခွင့်အာဏာများကို ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်သောနည်းလမ်းအဖြစ် ပိုမို၍အသုံးပြုလာကြပါသည်။ အရွယ်အစားကြီးမားသောနိုင်ငံများ သို့မဟုတ် မတူကွဲပြားမှုများပြားသော နိုင်ငံများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းဆိုသော ဖိအားပေးမှုများ၊ ခွဲထွက်လိုသော ဖိအားပေးမှုများကိုရင်ဆိုင်လျက် နိုင်ငံကိုစုစည်းထားနိုင်မည့် နည်းလမ်းကိရိယာတစ်ရပ် ဖြစ်လာပါသည်။

 

ဖက်ဒရယ်နိုင်ငံများသည် အမြဲတစေ ဖက်ဒရယ်နိုင်ငံဟု မိမိတို့ကိုယ်ကို ရည်ညွှန်းခြင်းမရှိပါ။ ဖက်ဒရယ်အဆင့်ကိုလည်း အမျိုးသား ‘national’ အစိုးရ၊ ဗဟို ‘central’ အစိုးရ၊ ပြည်ထောင်စု ‘union’ အစိုးရဟု အမျိုးမျိုး ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ ပြည်နယ်များကိုလည်း အမျိုးမျိုး ခေါ်ဝေါ်ကြပါသည်။ သြစတြေးလျ၊ မလေးရှားနှင့် အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ်များ ‘states’ ဟု ခေါ်ပါသည်။ အာဂျင်တီးနား၊ကနေဒါ၊ တောင်အာဖရိကတို့တွင် ပြည်နယ်များ ‘provinces’ ဟု ခေါ်ပါသည်။ ဘယ်လ်ဂျီယမ်နှင့် အီတလီတို့တွင် ဒေသများ ‘regions’ ဟု ခေါ်ပါသည်။ ဆွစ်ဇာလန်တွင် နယ်မြေများ ‘cantons’ ဟုခေါ်ပါသည်။ စပိန်တွင် ကိုယ်ပိုင်အုပ်ချုပ်သော ရပ်ရွာအသိုက်အဝန်းများ ‘autonomous communities’ ဟု ခေါ်ပါသည်။ သြစတြီးယားနှင့် ဂျာမနီတွင် ပြည်နယ် ‘Länder’1 ဟု ခေါ်ပါသည်။ ဖက်ဒရယ်စနစ်ပုံသဏ္ဌာန်ကွဲပြား ခြားနားမှုများ၊ အနှစ်သာရပိုင်း လုပ်ပိုင်ခွင့်အာဏာ ခွဲဝေခြင်းများနှင့်အညီ ဝေါဟာရ အသုံးအနှုန်းများကို ခွဲခြားအသုံးပြုသည်ဟု မဆိုနိုင်ပါ။

 ဂ) ဖက်ဒရယ်စနစ်မှ ရရှိနိူင်သည့် အခြားအကျိူးကျေးဇူးများ

ဖက်ဒရယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဗဟုဝါဒအပေါ် အခြေခံပါသည်။ ဖက်ဒရယ်စနစ်တွင် မည်သည့်အစိုးရအဆင့်မျှ အကြွင်းမဲ့အာဏာမရှိဘဲ အမျိုးသားအဆင့်နှင့် အမျိုးသားအဆင့်အောက် အဖွဲ့အစည်းစနစ်များအကြား လုပ်ပိုင်ခွင့်အာဏာမျှဝေရန် လိုအပ်ပါသည်။ ဖက်ဒရယ်စနစ် အဓိပ္ပာယ်သတ်မှတ်ချက်အရ ကောင်းမွန်စွာလုပ်ငန်းလည်ပတ် ဆောင်ရွက်နိုင်သော ဖက်ဒရယ်စနစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဗဟုဝါဒအပေါ် အခြေခံပါသည်။ လုပ်ပိုင်ခွင့်အာဏာ ဗဟိုအချက်အချာများအကြား ဟန်ချက်ညီပြီး ဆွေးနွေးညှိနှိုင်းဆောင်ရွက်မှုနှင့် သဘောတူညီထားသော ဖွဲ့စည်းပုံအခြေခံဥပဒေစည်းမျဉ်းများ ကျယ်ပြန့်သည့်မူဘောင်အရ လူနည်းစုများကို အသိအမှတ် ပြုခြင်းအပေါ် အခြေခံပါသည်။

 ___

ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီ

Mikhail Filippov နှင့် Olga Shvetsova (2011: 3) တို့ လုပ်ဆောင်ခဲ့သည့် သုတေသနအရ ‘အောင်မြင်မှု ရရှိသော ဖက်ဒရယ်စနစ်ဖြစ်ရန် ကောင်းစွာလုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ဒီမိုကရေစီ အဖွဲ့ အစည်းစနစ်များ၊ တရားစီရင်ရေးစနစ်၊ စုစည်းဖွဲ့စည်းထားသော အမျိုးသားအဆင့် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီနည်းကျ နိုင်ငံရေးပြိုင်ဆိုင်မှုမှ ပေါ်ထွက်လာသည့် သင့်တင့်လျောက်ပတ်သော  ရွေးကောက်ပွဲဆိုင်ရာ ဆွဲဆောင်မှုများ လိုအပ်ပါသည်။ စာအုပ်စာတမ်းများတွင် ဖော်ပြထားသည့် အဓိကတွေ့ရှိချက်မှာဒီမိုကရေစီကောင်းစွာ လုပ်ငန်းလည်ပတ်ဆောင်ရွက်သော နိုင်ငံများတွင်သာ ဖက်ဒရယ်စနစ်သည်တည်ငြိမ်မှုရှိပြီး ထိရောက်သော အစိုးရအုပ်ချုပ်မှု ပုံသဏ္ဌာန်ရှိနိုင်ပါသည်။ အပြန်အလှန်အားဖြင့် ဒီမိုကရေစီမရှိပါက ဖက်ဒရယ်စနစ်သည် အဆုံးစွန်တွင် တည်ငြိမ်မှုမရှိသောအုပ်ချုပ်မှု ပုံသဏ္ဌာန်ဖြစ်ပါသည်။ ထိုအခါ တစ်ဆင့်ချင်း နိုင်ငံပြိုကွဲခြင်းသို့လည်း ဦးတည်သွားနိုင်ပါသည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်မည်ကာမတ္တအဖြစ်မျှသာ ကျန်ရှိခြင်းလည်း ဖြစ်နိုင်ပါသည်။’

 

လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုအခြေခံကို ကျယ်ပြန့်စေခြင်း။ ဖက်ဒရယ်စနစ်သည် ဖက်ဒရယ်အဆင့် သို့မဟုတ် အမျိုးသားအဆင့်တွင် အနည်းစုဖြစ်သော နိုင်ငံရေးအုပ်စုများ အား ပြည်နယ်အဆင့်တွင်  ရွေးကောက်တင်မြှောက်ခံ ရာထူးတာဝန်များ ထမ်းဆောင်နိုင်စေပါသည်။ အမျိုးသားအဆင့်တွင် ကြီးစိုးလွှမ်းမိုးသော ပါတီရှိသည့် နိုင်ငံများတွင်နိုင်ငံရေးဆိုင်ရာ အားလုံးပါဝင်နိုင်မှုနှင့် လုပ်ပိုင်ခွင့်အာဏာ ချိန်ညှိမှုတို့ကို အားပေးမြှင့်တင်ရာတွင် အထောက်အကူ ပြုနိုင်ပါသည်။ ဥပမာ တောင်အာဖရိကတွင် ၁၉၉၀ ပြည့်နှစ်များအတွင်း ဒီမိုကရေစီအကူးအပြောင်း လုပ်ဆောင်ချိန်မှ စ၍ အမျိုးသားအဆင့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်တိုင်း အာဖရိက အမျိုးသားကွန်ဂရက်ပါတီသည် အများစုအနိုင် ရရှိပါ သည်။ သို့ရာတွင် အတိုက်အခံ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့သည် အနောက်အငူပြည်နယ် Western Cape Province တွင် အာဏာရပါသည်။ တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် ရွေးကောက်တင်မြှောက်ခံ ရာထူးတာဝန် များထမ်းဆောင်ရာ၌ ကျယ်ပြန့်သည့် အခြေခံရှိခြင်းကြောင့် အမျိုးသမီးများ၊ တိုင်းရင်းသား လူနည်းစုများ၊ ဆင်းရဲ နွမ်းပါးသူများ၊ အခြား အစဉ်အလာအရ ကိုယ်စားပြုပါဝင်မှု နည်းပါးသူများအတွက်လည်း အခွင့်အလမ်းများ ပိုမိုရရှိ လာနိုင်ပါသည်။

                                                        ______ The End_______

Share:

0 comments:

Post a Comment

Search