Empower, Engage and Inspire

Saturday, December 28, 2024

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်နိုင်မလား?

နိဒါန်း

မြန်မာနိုင်ငံ၏ ဗြိတိသျှမသိမ်းပိုက်မီ သမိုင်းနဲ့ ပက်သက်ပြီး မြန်မာနိုင်ငံသားများအကြား အမြင်မတူညီမူ့ များစွာ ရှိသော်လည်း ယနေ့မြန်မာနိုင်ငံတော်သည် ၁၉၄၇ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုသော ပင်လုံစာချုပ်မှ ဆင်းသက်လာသည်ကိုမူ အများစုက လက်ခံသဘောတူကြပါသည်။ ပင်လုံစာချုပ်ကို အခြေခံကာ ၁၉၄၇ခုနှစ် ဧပြီလ ၉ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ပါတီ (AFPFL) မှ အနိုင်ရသောကြောင့် ပါတီဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံတော်၏ ခေါင်းဆောင် ဖြစ်လာပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ခုနှစ် ဇူလိုင်၁၉ရက်နေ့တွင် လုပ်ကြံခံရသောကြောင့် သူ့နေရာကို ဦးနုမှ ဆက်လက် တာဝန်ယူခဲ့ပါသည်။ ဦးနုသည် ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ဖွဲ့စည်းပုံဥပဒေမူကြမ်းကို ရှေ့နေဦးချမ်းထွန်း ရေးဆွဲထားသည့် တစ်ပြည်ထောင်စုစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံဥပဒေဖြင့် အစားထိုးခဲ့ပါသည်။ ထိုဖွဲ့စည်းပုံဥပဒေသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေ ဖြစ်လာကာ ဗိုလ်ချုပ်နေဝင်း၏ အာဏာမသိမ်းခင် ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့အထိ ကျင့်သုံးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် စစ်တပ်မှ ပြဌာန်းထားသည် ၁၉၇၄ဖွဲ့စည်းပုံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေများ ပေါ်ပေါက်ခဲ့ပါသည်။ သို့သော် ဤစာတမ်းတိုတွင် ၁၉၄၇ ဖွဲ့စည်းပုံနှင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအောက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ (၇)ပွဲကိုသာ လေ့လာသုံးသပ်တင်ပြမှာ ဖြစ်ပါသည်။

စကစခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အရာရှိများ


၂။ မဲမပေးနိုင်မူ့များနဲ့ ပြည်နှက်နေသော မြန်မာ့နိုင်ငံရေး

ဒီမိုကရေစီစနစ်၏ အရေးကြီးဆုံးသည် တရားမျှတပြီး လွတ်လပ်စွာ ပြည်သူများမှ ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါသည်။ သို့သော် ဤကဲ့သို့သောအခြေအနေများကို  မြန်မာနိုင်ငံတနိုင်ငံလုံးတွင် လုံလုံလောက်လောက် မရှိနေခြင်းကို သမိုင်းအထောက်အထားအရ ရှင်းလင်းစွာ တွေ့မြင်နိုင်ရသည်။ ဥပမာ ၁၉၄၇ဖွဲ့စည်းပုံကို အခြေခံကာ ကျင်းပပြုလုပ်သည့် ၁၉၄၇ ရွေးကောက်ပွဲသည် ဗမာလူမျိုးများ နေထိုင်သော မြေပြန့်ဒေသတွင်သာ ရွေးကောက်ပွဲ ကျင်းပခဲကြသလို၊ ၁၉၅၁ ရွေးကောက်ပွဲသည်လည်း ပြည်တွင်းစစ်ကြောင့် မဲပေးနှုန်း ၁၈.၅ ရာခိုင်နှုန်းသာ ရှိခဲ့ပါသည်။ ထို့အပြင် ၁၉၅၆ ရွေးကောက်ပွဲတွင် မဲပေးရန် စာရင်တင်သွင်းသူဦးရေသည် သိန်း ၇၄ ကျော်ခဲ့ပေမယ့်၊ အမှန်တကယ် မဲပေးခဲ့သည်မှာ သိန်း၃၈ကျော်သာရှိခဲ့ပါသည်။ ထို့အပြင် စစ်တပ် စိတ်ကြိုက် ရေးဆွေးထားသည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံဥပဒေကို အခြေခံကာ ကျင်းပသည့် ရွေးကောက်ပွဲများကို လေ့လာမည်ဆိုပါကလည်း ရွေးကောက်ပွဲ မကျင်းပနိုင်မူ့များ (ဝါ) မဲမပေးနိုင်မူ့များ ဆက်လက်ရှိသည်ကို တွေ့ရှိရပါသည်။ ဥပမာ ၂၀၁၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး၏ မဲဆန္ဒနယ် ၁၁၇၁ အနက်  ၁၁၅၄ ခုတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်သလို၊ ၂၀၁၅ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒနယ် ၂၁ခုတွင် ရွေးကော်က်ပွဲ မလုပ်နိုင်ခဲ့သည်။ ထို့နည်းတူ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒနယ် ၁၁၇၁အနက် ၁၁၁၇နယ်တွင်သည် ရွေးကောက်ပွဲတွင် ကျင်းပနိုင်ခဲ့ပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် ကျင်းပသော ရွေးကောက်ပွဲ (၆ကြိမ်)သည် ပြည်တွင်းနိုင်ငံရေး အခြေအနေများကြောင့် မဲဆန္ဒနယ်အားလုံးတွင် ကျင်းပနိုင်ခြင်း မရှိကြောင်းကို တွေ့ရှိရပါသည်။ တနည်းဆိုရလျှင် ပြည်သူအားလုံး မဲမပေးနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲတွင် အနိုင်ရသူသည် တရားဝင်မူ့ ရခဲ့ကြကြောင်း ထူးခြားစွာ တွေ့ရှိရပါသည်။

၃။ စစ်တပ်နှင့် ရွေးကောက်ပွဲ

လွတ်လပ်ရေးရပြီးခါစတွင် မြန်မာနိုင်ငံတွင် မျိုးချစ်စစ်သားနှင့် ကြေးစားစစ်သားဟူ၍ နှစ်မျိုးရှိသည်ဟု ဆိုကြပါသည်။ သို့သော် ဤသတ်မှတ်ချက်သည် ဂျပန်နိုင်ငံမှ စစ်ပညာသင်ကြားသည့် ရဲဘော်သုံကျပ်ကို အခြေခံသော မြန်မာစစ်တပ်၏ သတ်မှတ်ချက်ဖြစ်ပါသည်။ ၎င်းတို့အမြင်တွင် သူတို့နဲ့မတူသော တိုင်းရင်းသား စစ်သားများကို ကြေးစားစစ်သားဟု မြင်ကြသည်။ ဤကဲ့သို့သော သတ်မှတ်ချက်သည် စစ်တပ်၏ အာဏာသိမ်းမူ့နောက်ပိုင်းတွင် မြန်မာနိုင်ငံရေးတွင် သန္ဓတည်ခဲ့ပါသည်။ အဓိပ္ပာယ်ကတော့ ယခင်က မျိုးချစ်စစ်တပ်ဟု နာမည်ခံထားသော မြန်မာစစ်တပ်သည် နောက်ပိုင်းသည် သူတို့ ပါဝင်မှ နိုင်ငံတော်သည် တိုးတက်မည်။ သူတို့သည်သာ နိုင်ငံတော်ကို ကာကွယ်သူဟု ထင်မြင်ကြကာ သူတို့နဲ့ အမြင်မတူသော တိုင်းရင်းသားများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို သတ်ဖြတ်ချေမှုန်း တွန်းလှန်းခဲ့ကြပါသည်။ ဥပမာ ၁၉၆၂ခုနှစ် မတ်လ ၂ရက်၏ ဗိုလ်ချုပ်နေဝင်းသည် ဝန်ကြီးချုပ်ဦးနုနှင့် နိုင်ငံရေးခေါင်းဆောင်းများမှ ဖက်ဒရယ်အရေး ဆွေးနွေးနေကြသည်ကို နိုင်ငံတော်ကို အဖြာဖြာကွဲစေမည့် စနစ်ကို ဆွေးနွေးသည်ဟု ဆိုကာ အာဏာသိမ်းခဲ့ပါသည်။ ထို့ကဲ့သို့သော အခြေအနေများကို ၁၉၈၈ခုနှစ်နှင့် ၂၀၂၁ခုနှစ်တွင်လည်း ထပ်မံတွေ့ရှိရပါသည်။

၁၉၉၀ခုနှစ်နောက်ပိုင်း ‘စည်းကမ်းရှိသော ဒီမိုကရေစီ’ သည် စစ်တပ်၏ နိုင်ငံတော်တည်ဆောက်ရေး လမ်းစဥ်ဖြစ်ပါသည်။ သို့သော် စည်းကမ်းရှိသော ဒီမိုကရေစီသည် စစ်တပ်မှ သတ်မှတ်ထားသော စည်းကမ်းအောက်တွင် တိုင်းပြည်သည် နေရမည်ဆိုသည့် အဓိပ္ပယ် ဖြစ်ပါသည်။ ထို့အချက်ကို အခြေခံပြီး ၂၀၀၈ ဖွဲ့စည်းပုံရေးဆွဲသောကြောင့် ဖွဲ့စည်းပုံ၏ ၂၅ရာခိုင်နှုန်းသည် စစ်တပ်မှ နေရာရရှိခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့သော စစ်တပ်၏ အယူအဆများကို ပြည်သူများက မျက်မြင်ကိုယ်တွေ့ ခံစားနေရချိန်၊ ၂၀၁၅ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်ထောင်စုလွတ်တော်တွင် မဲဆန္ဒနယ် ၄၉၆အနက် ၃၉၀နေရာတွင် အနိုင်ရကာ အစိုးရဖြစ်လာပါသည်။ ထို့ကြောင့် စစ်တပ်သည် ၁၉၆၂ခုနှစ်နောက်ပိုင်းတွင် ပထမဆုံး ပြည်သူ့ အစိုးရ၏ ဦးဆောင်ခြင်းကို ခံခဲ့ရပါသည်။ NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံပြင်ဆင်ရန် အဆိုပြုချက်များကြောင့် စစ်တပ်နှင့် အစိုးရအကြား တင်းမားမူ့ ပြင်းပြင်းထန်းထန်း ရှိခဲ့ပါသည်။ ထိုကဲ့သော အာဏာဆုံးရှုံးမူ့ကြောင့် တခြားပါတီ၏ ဦးဆောင်ခြင်း ခံရသည်ကို စစ်တပ်မှ မလိုလားသည့်အချိန်တွင် ကျင်းပသော ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွတ်တော် ထိုင်ခုံ ၄၉၆အနက် ၃၉၆ ကို NLD အစိုးရမှ ထပ်မံအနိုင်ရရှိခဲ့ပါသည်။ ဤကဲ့သို့ အနိုင်ရရှိမူ့ကြောင့် စစ်တပ်သည် သူတို့ မလိုလားသော ပါတီမှ နိုင်ငံတော်ကို ဦးဆောင်ခြင်းကို လက်မခံနိုင်သောကြောင့် ရွေးကောက်ပွဲကို အကြောင်းမရှိ အကြောင်းရှာကာ မဲမသာမူ့ရှိသည့်ဟူသော အကြောင်းပြချက်ဖြင့် ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းခဲ့ပါသည်။

နိဂုံး

အထက်တွင် ဖော်ပြသည့်အတိုင်း မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်သော အစိုးရများသည် လွတ်လပ်ရေးရပြီး ယနေ့ချိန်ထိ ရွေးကောက်ပွဲများကို ပြည်တွင်းအနှံ့ မကျင်းပနိုင်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ဤကဲ့သို့ အားနည်းချက်များစွာ ရှိခဲ့သော်လည်း ထိုရွေးကောက်ပွဲများတွင် အနိုင်ရသူသည် အစိုးရအဖြင့်တရားဝင်မူ့ ရရှိခဲ့သောကြောင့် ယနေ့အချိန်လိုမျိုးတွင်လည်း စစ်တပ်သည်လည်း သူတို့ထိန်းထားသည့် နေရာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်လျှင် တရားဝင်မူ့ ပြန်ရမည်ဟု မျှော်မှန်းထင်ဟု သုံးသပ်ရပါသည်။ ထို့အပြင် စစ်တပ်သည် သူတို့သည်သာ နိုင်ငံတော် ကာကွယ်သူ၊ သူတို့နည်းသူတို့ဟန် မဟုတ်လျှင် ချေးမှုန်းသတ်ဖြတ် အာဏာသိမ်းတက်သည် အကျင့်ရှိနေသည်ကို အထက်တွင် ဖော်ပြသည့်အတိုင်း ၁၉၆၂ကနေ ၂၀၂၄ခုနှစ် မျက်မြင်တွေ့ရှိနိုင်ပါသည်။ ဤကဲ့သို့သော အခြေအနေများကြောင့် ၂၀၂၅ခုနှစ်တွင် စစ်တပ်မှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်တပ်၏ အာဏာပြန်ရရေးဘက်ကို ဦးတည်ကြောင်း သုံးသပ်ရပါသည်။ တနည်းဖော်ပြရလျှင် မြန်မာနိုင်ငံတော်ကို ဖက်ဒရယ်ဒီမိုကရေစီယူဆောင်ပေးနိုင်မည့် ရွေးကောက်ပွဲလည်း မဖြစ်နိုင်သလို၊ မြန်မာနိုင်ငံ၏ ပြသနာကို ဖြေးရှင်းပေးနိုင်ရေးထက် ပိုမို ရှုပ်ထွေးသောပြသနာများကို ယူဆောင်ပေးမည့် ရေးကောက်ပွဲဖြစ်မည်ဟု သုံးသပ်ရပါသည်။ ထို့ကြောင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးခြင်းသည် စစ်တပ်ကို တရားဝင်ကြောင်း အာဏာပေးသည့် လုပ်ရပ်ဖြစ်ကြောင့်နှင့် မြန်မာပြည်ကို သေတွင်းပို့မည့်လုပ်ရပ်ဖြစ်သည်ကို  သုံးသပ်ရင်း နိဂုံးချုပ်အပ်ပါသည်။

ကိုရီးယားလို ဖတ်ရန် => 
군부가 주도하는 선거가 미얀마에 이익을 가져올 수 있는가?

Share:

0 comments:

Post a Comment

Search